20 May 2014

ကျွန်တော်သိသော ကားလက်စ်ပူယိုးလ်

ကာလက်စ်ပူယိုးလ်. . .။
ဘာစီလိုနာအသင်းရဲ့ အသည်းနှလုံး ၊ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူ တစ်ယောက် ။ ဘာစီလိုနာ အသင်းမှာ နှစ်ပေါင်းများစွာ ကစားခဲ့ပြီး ဘာကာရဲ့ စံချိန်တင် အောင်မြင်မှုတွေ ရရှိခြင်း၌လည်း.အဓိက ကစားသမားတစ်ဦး အဖြစ် ပါဝင်ခဲ့တယ်.။ အသင်းရဲ့ သမိုင်းတစ်လျှောက် အောင်မြင်မှု အရှိဆုံး အသင်းခေါင်းဆောင်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တယ်။ ဘာစီလိုနာပွဲထွက် 11ယောက်စာရင်းမှာ သူ့နာမည်ပါရင် ဘာကာနဲ့ သတ်ဆိုင်တယ့် သူတွေ အားလုံး( အသင်း၊ ကစားဖော်၊ ပရိသတ်) ကို စိတ်အေးရစေပြီး ပြိုင်ဘက်အသင်းနဲ့ ပတ်သတ်သူတွေကို ထိတ်လန့်သွားစေရလောက်တယ့်အထိ သူ့အစွမ်းက ထင်ရှားခဲ့ပါတယ်.။ အယ်လ်ကလပ်စီကို ပွဲတွေမှာ သူ ပါရင် စီရော်နယ်ဒို လှုပ်လို့မရသလောက်ဘဲ လို့ပြောစမှတ်ပြုရတယ့် သူ့အစွမ်းက 1999 ကနေ ယနေ့ 2012 ထိ အရေးပါဆဲ ။


. . . . ကာတာလန်မြောက်ပိုင်းက Pobla de Segur လို့အမည်ရတယ့် မြို့ငယ်လေးမှာ ကာလက်စ် ပူယိုးလ် ဆာဖော်ကတ်ဒါ လို့အမည်ရတယ့် ကလေးငယ်တစ်ဦး မွေးဖွားခဲ့ပါတယ်။ မွေးသက္ကရာဇ် အပြည့်အစုံက 13.4.1978.။ သူဟာ သာမန်ကလေးတစ်ယောက်လို နေထိုင်ရင်း အရွယ်ရောက်လာခဲ့တယ်.။ အဲဒီ လူငယ်လေးရဲ့ အများနဲ့မတူတယ့် ရိုးသားမှု၊ ကြိုးစားမှု၊ တစ်ဖက်သားကို ကူညီချင်တယ့်စိတ်ဓါတ်၊ အဲဒီလိုအရည်အချင်းတွေကို ပိုင်ဆိုင်ထားပါတယ်.။ သူ့မှာ ဘောလုံးနဲ့ပါတ်သတ်ပြီး ပါရမီ လဲမရှိသလို သူမတူအောင် ကျွမ်းကျင်မှုလဲ မရှိ၊ ရုပ်ရည်လဲမရှိ ပါဘူး.။ ဒါပေမယ့် သူရဲ့ အကျင့်ကောင်းတွေ၊ စိတ်ဓါတ်ကောင်းတွေကြောင့် လူချစ်လူခင်များခဲ့ပါတယ်..။


ကာလက်စ် ရဲ့ စံပြ ပုဂ္ဂိုလ်နစ်ယောက်က လူးဝစ်ဇ် အင်းနရစ်( ဘာကာ ကစားသမားဟောင်း) နှင့် အေစီမီလန် က သမိုင်းတွင်တယ့် ပေါ်လို မာဒီနီ တို့ပါ။ သူ့ဘ၀မှာ အဖြစ်ချင်ဆုံး အိပ်မက်က ကာတာလန် ပြယုဂ် ဘာစီလိုနာ အသင်းမှာ သူ ကိုယ်တိုင် အသင်းခေါင်းဆောင် အဖြစ် ကစားပြီး ဆုဖလားတွေ အများကြီး ဆွတ်ခူးမယ် ဆိုတာပါ။

. . . . . ပူယိုးလ် ရဲ့ လူငယ်ကစားသမား ဘ၀ကို ဒေသခံကလပ် La Pobla de Segur အသင်းမှာ ဂိုးသမားတစ်ယောက် အဖြစ် စတင်ခဲ့ပါတယ်.။ ဂိုးသမားအဖြစ် အတော်ကြာကြာ ကစားခဲ့ပြီး စိုးရိမ်ရလောက်တယ့် ပခုံးဒဏ်ရာ ရရှိခဲ့ပြီးနောက်မှာ တိုက်စစ်မှုးအဖြစ် ပြောင်းလဲ ကစားခဲ့ပြန်ပါတယ်။ အဲဒီနေရာကလဲ သူနဲ့ အံမ၀င်ပြန်ပါဘူး.။ နောက်ဆုံးမှာတော့ သူဟာ ခံစစ်ကစားသမားတစ်ယောက် ဖြစ်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်..။ ဒါနဲ့ သူခံစစ်ကစားနည်း ကို အကောင်းဆုံး ကစားနိုင်အောင် သင်ယူတယ်..။ ဒီလိုနဲ့ သူ့အရည်အသွေးတွေ တောက်ပလာခဲ့ပါတယ်.။ တောက်ပလာတယ့် သူ့ခြေစွမ်း နဲ့ပတ်သတ်ပြီး စပိန်တစ်ဝှမ်းက အသင်းကြီးတွေ ဆီကို လျင်လျင်မြန်မြန် သတင်းပျံ့သွားပါတယ်။အသင်းအများအပြားရဲ့ ကမ်းလှမ်းမှုကို သူလက်ခံရရှိခဲ့တယ်.။ အဲဒီအထဲက သူကမ်းလှမ်းမှုတစ်ခုကို ရွေးချယ်လိုက်တယ်.။ အဲဒါက သူ အချစ်ဆုံး ကာတာလန်ပြယုဂ် "ဘာစီလိုနာ" ။

. . . . .ဒီလိုနဲ့ 1995ခုနှစ်, အသက်17 နှစ်အရွယ်မှာ ကာလက်စ်ပူယိုးလ် အိပ်မက်တွေ တစ်ပွေ့တစ်ပိုက်ကြီး ကို ယူဆောင်ပြီး လာမာစီယာ ကိုရောက်ရှိလာပါတော့တယ်။ လာမာစီယာမှာ တစ်နှစ်လောက်ပညာထပ်သင်ပြီး ဘာကာB အတွက် စတင်ကစားပါတယ်.။ ပူးယိုးလ် ဘာစီလိုနာ အသင်းကြီးမှာ မကစားခင် ဘာကာB မှာ 4 နှစ်လောက် ကစားဖူးပြီး ပထမ နှစ်နှစ်မှာ ကွင်းလယ်ခံစစ် နေရာ ၊ နောက် နှစ်နှစ်မှာ ညာတောင်ပံခံစစ် နေရာမှာ ကစားခဲ့ပါတယ်။

. . . . . . အချိန်အတိုင်းအတာ တစ်ခု ကုန်လွန်ပြီးတယ့်နောက် သူ ဘာစီလိုနာအသင်း အတွက် ကစားဖို့ အရည်အချင်း အပြည့်ရှိလာပါပြီ။ 1999ခုနှစ် အောက်တိုဘာလ 2ရက်နေ့မှာ နည်းပြ လူးဝစ်ဗန်ဂေါလ် က သူ့ကို ဗယ်လာဒိုလစ်နဲ့ ကစားတယ့် အဝေးကွင်းပွဲမှာ စတင် အသုံးပြုခဲ့ပါတယ်..။ သူ့ကစားသမား ဘ၀ပွဲဦးထွက်လှပါခဲ့တယ်.။ အဲဒီပွဲမှာ ဘာစီလိုနာ နိုင်တယ်..။ 0: 2 နဲ့.။. . . . . . ကစားသမားဘ၀ အစောပိုင်းမှာ သူ့အနေနဲ့ RB, DMF, CB အစရှိတယ့် နေရာ တွေမှာ လှည့်လည် ကစားနေပေမယ့် ဘာစီလိုနာအသင်းက လူကြီးတွေရဲ့ တိုက်တွန်းမှုကြောင့် သူ့ဘ၀ ကို ဗဟိုခံစစ်သမားကောင်း အဖြစ် ကစားနိုင်ဖို့ အပြင်းအထန် လေ့လာသင်ယူခဲ့ပါတော့တယ်။

. . . . .ဗဟိုခံစစ်သမား တစ်ယောက်အတွက် သူ့အရပ် 178 cm ဆိုတယ့် အရပ်အမြင့်ဟာ လုံလောက်မှုမရှိပါဘူး.။ ဒါပေမယ့် ဒီလူငယ်လေးက ကြံ့ခိုင်မှု တအားကောင်းတယ်.။ အားကြိုးမာန်တက် ကစားတယ်၊ စည်းကမ်းလိုက်နာမှုအပြည့်ရှိ သလို နည်းစနစ် ပိုင်နိုင်မှု လဲ အပြည့်ရှိတာကြောင့် ဘာစီလိုနာ ပွဲထွက် ကစားသမားအဖြစ် တဖြည်းဖြည်း နေရာရလာပါတော့တယ်။ အဲဒီလို လျင်လျင်မြန်မြန် အသင်းနဲ့ အံဝင် လာတယ့် သူဟာ 2002 ခုနှစ် ဥရောပ အကောင်းဆုံး 11 ယောက်စာရင်းမှာလဲ RB ကစားသမား အဖြစ် ပါဝင်လာခဲ့ပါတယ်.။
ဘာစီလိုနာ အသင်းမှာ 1991 ခုနှစ် ကနေ 1999 ခုနှစ်ထိ ပွဲ200 ကျော်ကစားပြီး 12 ဂိုးသွင်းခဲ့တယ့် နောက်ခံလူ မီဂွယ် အိန်ဂျယ် နာဒယ် က " ကျွန်တော် ကာလက်စ် နဲ့ အကြာကြီး တွဲမကစားလိုက်ရပါဘူး.။ ဒါပေမယ့် ဒီလူငယ်လေးက နောက်တန်းမှာ ၀ါရင့်ကစားသမားကောင်းတစ်ယောက်လို ကစားနိုင်တယ်။ ပြိုင်ဘက်တိုက်စစ်ကို ကာကွယ်ဖို့ နေရာယူပုံကလဲ အရမ်းကောင်းတယ်။ စိတ်ဓါတ်လဲ ကောင်းတယ်၊ အကောင်းဆုံးကတော့ သူဝတ်ဆင်နေတယ့်ဘာစီလိုနာ အင်္ကျီ ကို သူအရမ်းမြတ်နိုးပြီး အဲဒီ အသင်းအတွက် သူ့ကစားသမားဘ၀တစ်ခုလုံး ပေးဆပ်သွားမယ် ဆိုတယ့် သူ့စိတ်ကူးပါ " ဟု ချီးမွမ်းပြောဆိုခဲ့ဖူးသည်.။

. . . . . အသင်းရဲ့အဓိကကစားသမား တစ်ယောက်ဖြစ်လာတယ့် ပူယိုးလ်ဟာ 2003-04 ရာသီမှာ တတိယ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတယ်။ အဲဒီအချိန်က ဘာကာ အသင်းခေါင်းဆောင်က သူ အလေးစားဆုံး လူးဝစ် အင်းနရစ် ။ နောက်ရာသီ 2004-05 အရောက်မှာတော့ သူဟာ အသင်းခေါင်ဆောင်အဖြစ် တရားဝင် ခန့်အပ်ခံခဲ့ရပါပြီ ။ အဲဒီရာသီမှာ ဘာကာ အသင်းအတွက်သူ အကောင်းဆုံး ကစားပေးနိုင်ခဲ့သလို ဘာကာ ကစားသမားတွေလဲ ခြေစွမ်းပြနိုင်ခဲ့ပါတယ်.။ ရာသီကုန်ဆုံးတော့ ဘာစီလိုနာအသင်း လာလီဂါ ချန်ပီယံဆု ကို ရယူနိုင်ခဲ့သလို အဲဒီဆုဖလားကြီး ကိုလဲ ပူယိုးလ် ကိုယ်တိုင် အသင်းခေါင်းဆောင် အဖြစ် ကိုင်မြှောက်ခွင့် ရရှိခဲ့တာပါ။ သူ့ အိပ်မက်တွေ စတင် အကောင်အထည် ပေါ်လာပါပြီ။

. . . . .နောက်ရာသီ2005-06 မှာလဲ လာလီဂါဖလားနဲ့ ချန်ပီယံလိဂ် ဖလားတွေကို ဘာစီလိုနာ အသင်း ရယူနိုင်ခဲ့ပါတယ်။ ပူယိုးလ်ဟာ အဲဒီရာသီမှာ 52 ပွဲကစားပြီး 1 ဂိုးသွင်းယူ ကာ အသင်းကို အကောင်းဆုံး ကူညီပြီး ခြေစွမ်းပြနိုင်ခဲ့တယ်.။

. . . . သူ့ဘ၀ရဲ့ ပထမဆုံးနဲ့ အပြင်းထန်ဆုံး ဒဏ်ရာကို 2007 ခုနှစ် ဇွန်လ 20 ရက်နေ့မှာ ကစားတယ့် ခြေစွမ်းပွဲတပွဲမှာ ရရှိခဲ့တာပါ.။ ပြင်းထန်တယ့် ဒူးအရွတ်ကြောဒဏ်ရာ ကြောင့် သူ 4လ လောက် နားလိုက်ရပါတယ်.။ ဒဏ်ရာက သက်သာလာပြီးတော့ အသင်းအတွက် သူအကောင်းဆုံး ကစားပေးနိုင်ခဲ့ပေမယ့် အသင်းကတော့ ဖလားလက်မဲ့ ရာသီနဲ့ ကြုံခဲ့ ရပြန်ပါတယ်.။

. . . . . ရီကတ်နေရာ ကို ဂွာဒီယိုလာ အစားထိုးဝင်ရောက်လာပြီးနောက်မှာလဲ သူဟာ အသင်းရဲ့ အဓိက ကစားသမားအဖြစ် ဆက်လက်အစွမ်းပြ နိုင်ခဲ့ ပါတယ်.။ နည်းပြ ဂွာဒီယိုလာ လက်ထက် ပူယိုးလ် ပါတယ့် ပွဲ ရှုံးခဲ တယ် လို့ ပြောရလောက်တယ့် အထိ သူအစွမ်းပြခဲ့သလို ဘာကာကို တစ်ကျော့ပြန် ရောက်ရှိလာတယ့် ပီကေးနဲ့ တွဲဖက်ပြီး အကောင်းဆုံး ကစားပေးနိုင်ခဲ့ပါတယ်။

. . . . ဘာစီလိုနာမှာ တောက်ပလာတယ့် ပီကေးက " ကျွန်တော် ဒီနေ့ ဒီလိုအခြေအနေကို ရောက်ဖို့ အများကြီး ကူညီခဲ့တယ့် ကျေးဇူးရှင် တစ်ယောက်ရှိတယ်.။ ဘယ်သူလဲလို့ ခင်ဗျားတို့ ထင်လဲ..။

......။ ဂွာဒီယိုလာ မဟုတ်ပါဘူး.။ ...။ ဖာဂူဆန် လဲ မဟုတ်ပါဘူး.။ ဟုတ်ကဲ့ သူကတော့..ကာလက်စ်ပူယိုးလ်ပါ.။ သူ ကျွန်တော့်ကို ခံစစ်ကို ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်ဖို့ အတွက် လက်တွဲခေါ်ပါတယ် .။ သေချာသင်ပေးပါတယ်.။ ဘောလုံးကို ဘယ်လိုဖျက်ထုတ်ရမယ်. ။ ပြိုင်ဘက်ကိုဟန့်တားဖို့ ဘယ်လို နေရာယူရမယ်.။ ဘယ်အချိန်မှာ ဘယ်လိုခံစစ်ပုံစံဆော့ရမယ် ဆိုတာတွေ အစုံပါဘဲ.။ သူဟာ ကျွန်တော့်အပေါ် အစ်ကိုရင်းတစ်ယောက်လို ကောင်းခဲ့သလို ကျွန်တော်ရဲ့ ဆရာကောင်း တစ်ယောက်လဲ ဖြစ်ပါတယ်" ဟု ပြောခဲ့ဖူးသည်.။

. . . . ပီကေးသည် လက်ရှိ CB နှစ်ယောက် အနက် Fighter နေရာတွင် ကစားနေပြီး ပူယိုးလ်မှာ အရေးအပါဆုံး Sweeper နေရာတွင် ကစားနေသည်.။ ပူယိုးလ်၏ ကစားသမား ဘ၀ အစောပိုင်းတွင်လဲ ပီကေးကဲ့သို့ Fighter နေရာတွင် ကစားဖူးပြီး ထိုအချိန်က Sweeper မှာ ဖရန့် ဒီဘိုးဝါး ဖြစ်သည်.။ သို့သော် နောက်ပိုင်းတွင် ပိုမိုတိုးတက်လာသော ပူယိုးလ် က ဒီဘိုးဝါး၏ Sweeper ကစားသမားနေရာ ကို သိမ်းပိုက်သွားပြီး ဒီဘိုးဝါးမှာ ပူယိုးလ်၏ Fighter နေရာတွင် ၀င်ရောက် ဆော့ကစား ပေးလိုက်ရသည်.။

. . . .ပူယိုးလ်သည် စပိန် လက်ရွေးစင် အသင်းအတွက် 99 ပွဲကစားပြီး 3 ဂိုးသွင်းယူပေးနိုင်ခဲ့ သလို ယူရိုချန်ပီယံဆု 1 ကြိမ်၊ ကမ္ဘာ့ဖလား ချန်ပီယံဆု 1ကြိမ်ရယူပေးခဲ့သည်.။ လက်ရွေးစင် အသင်းနှင့်အတူ ကမ္ဘာ့ဖလား 3ကြိမ်၊ ယူရိုဖလား 2ကြိမ် ပါဝင် ဆင်နွှဲဖူးသလို 2010 ကမ္ဘာ့ဖလား၌ ဆီမီးဖိုင်နယ်တွင် ဂျာမနီကို 1-0 နှင့် အနိုင်ရရှိရာတွင်လဲ တစ်လုံးတည်းသော ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ ပူယိုးလ် ၏ ဂိုးများနှင့် ပတ်သတ်ပြီး အမှတ်ရစရာ အကောင်းဆုံးများမှာ အဆိုပါပွဲမှ ဂိုးနှင့် မက်ဒရစ် ကို 6-2 နှင့် နိုင်သောပွဲမှ ခေါင်းတိုက်ဂိုး ပင်ဖြစ်သည်.။

. . . . . ပူယိုးလ် သည် ဘာစီလိုနာ နှင့်အတူ ဖလားများစွာ ရခဲ့ပြီး..လာလီဂါချန်ပီယံ 5 ကြိမ်၊ ချန်ပီယံလိဂ် ချန်ပီယံ 3ကြိမ်၊ ဘုရင့်ဖလား 2ကြိမ်၊ စပိန်စူပါဖလား 5ကြိမ်၊ ဥရောပစူပါဖလား နှစ်ကြိမ် နှင့် ဖီဖာ ကလပ်ကမ္ဘာ့ဖလား2 ကြိမ်တို့ ရရှိခဲ့သည်..။

. . . . .ပူယိုးလ်ရဲ့ တစ်ကိုယ်ရည် အောင်မြင်မှု အရကြည့်မယ် ဆိုရင်လည်းခမ်းနားလွန်းပါတယ်.။ESM ကရွေးချယ်တယ့် ဥရောပ အကောင်းဆုံး 11 ယောက်စာရင်းထဲမှာလဲ 2001-02၊ 2002-03၊ 2004-05၊ 2005-2006 ရာသီတွေမှာ 4 ခါ ရွေးခံရတယ်.။ UEFA က ရွေးတယ့်ဥရောပ အကောင်းဆုံး 11 ယောက်အသင်း စာရင်းမှာ 2002. 2005. 2006. 2008. 2009. နဲ့ 2010 ခုနှစ်တွေမှာ 6 ကြိမ် ရွေးချယ်ခံရဖူးသလို ဥရောပ အကောင်းဆုံး နောက်ခံကစားသမားဆု ကိုလဲ 2006 ခုနှစ်မှာ လက်ခံရရှိခဲ့ပါတယ်။ FIFA က ရွေးတယ့် နှစ်အလိုက် အကောင်းဆုံးနောက်ခံလူ စာရင်းမှာလဲ 3 ကြိမ်ဖော်ပြခ့ရဖူးပြီး 2010 ကမ္ဘာ့ဖလား All Star အသင်းမှာလဲ ပါဝင်ခဲ့ပြန်ပါတယ်.။

. . .အဲဒိလို အောင်မြင်မှုအများအပြားရရှိနေပေမယ့် ပူယိုးလ် က မောက်မာဝံ့ကြွားမှုမရှိပါဘူး.။ ပူယိုးလ်က " ကျွန်တော်ရဲ့ အောင်မြင်မှုတွေနဲ့ပတ်သတ်ပြီး ကစားဖော်တွေ၊ နည်းပြတွေ၊ အုပ်ချုပ်ရေးပိုင်းက ဘာကာဒါရိုက်တာတွေ၊ ပရိသတ်တွေက ချီးမွမ်းမြှောက်ပင့်နေကြတော့ ကျွန်တော် နေရထိုင်ရ နည်းနည်းခက်တယ်ဗျ.။ ကျွန်တော် စိတ်ထဲမှာ ကျွန်တော် ရခဲ့တယ့်  တစ်ကိုယ်ရည် အောင်မြင်မှုတွေ နဲ့ ပတ်သတ်ပြီး အလွန်အမင်း ဂုဏ်ယူလိုတယ့် စိတ်မရှိပါဘူး..။ ဒါပေမယ့် ဒီမှတ်တမ်းတွေကို ကြည့်ပြီး ကျွန်တော် အသင်းအတွက် ဘယ်လောက်တောင်ပေးဆပ်ခဲ့တယ်လို့ မြင်ရင် ကျွန်တော် ကျေနပ်ပါတယ်" ဟု ပြောခဲ့သည်။

.. . . .ဆက်လက်ပြီး ပူယိုးလ်က " ကျွန်တော် ရိုမာရီယို လောက် နည်းစနစ်ပိုင်နိုင်မှု မရှိပါဘူး.။ အိုဗားမားစ် လောက်လဲ လှုပ်ရှားမှုမသွက်လက်ဘူး.။ ကလွိုက်ဗက်လောက်လဲ ကြံ့ခိုင်မှု မရှိပါဘူး.။ ဒါကြောင့် ကျွန်တော် သူများတွေထက် အများကြီး ပိုကြိုစားရတယ်.။ ကိုယ်မတော်တာကို သိပြီး ပိုကြိုးစားတယ့် ကျောင်းသားတစ်ယောက် က စာမေးပွဲကို အောင်အောင်မြင်မြင် ဖြေနိုင်သလိုပါဘဲ." ဟု ပြောကြားခဲ့သည်.။ ပူယိုး၏ ကြိုးစားအားထုတ်မှုနှင့် ပတ်သတ်ပြီး ဘာကာ ကစားသမားတိုင်း လေးစားအတုယူ ကြသည်.။

. . . . အနာဂါတ်နှင့် ပတ်သတ်ပြီး ပူယိုးလ်က " ကျွန်တော် ဒီကလပ်မှာ အမြဲနေမှာပါ.။ ကလပ်က ကျွန်တော့်ကို အလိုရှိနေသေး သရွေ့ကျွန်တော့် သွေးတွေ၊ ချွေးတွေကို ပေးဆပ်နေမှာပါ။" ဟု ပြောကြားခဲ့သည်.။ ပူးယိုးလ် သည် လတ်တလောတွင် ဒူးဒဏ်ရာ ကြောင့် 6 ပတ်ခန့် အနားယူရမည် ဖြစ်သည်.။ 2008-09 ရာသီက စပြီး ယခု ရာသီအထိ ပူယိုးလ် ပါဝင်သော ပွဲများ ရှုံးခဲသည် ကို ကျွန်တော်တို့ ဘာကာပရိသတ်များ အသိပင်.။ အဘယ့် ကြောင့်ဆိုသော် ပူယိုးလ် သည် အသင်းကစားဖော်များအား စိတ်ဓါတ် မြှင့်တင်ပေးရာတွင် အံ့မခန်းထူးချွန်သောကြောင့်ပင်။ သူသည်.ဘာကာ အသင်းအတွက် 562 ပွဲကစားပြီး 15 ဂိုးသွင်းယူ ပေးထားသည်.။ ဘာကာ B အတွက် လဲ ပွဲ 90 ခန့် ကစားပြီး 6 ဂိုးသွင်းယူ ပေးထားသဖြင့် ပူယိုးလ် သည် ဘာစီလိုနာတွင် ကစားခဲ့ သော ပွဲမှာ 661 ပွဲထိ ရှိပြီ ဖြစ်သည်.။

. . . . တာဇံ ဟု ဘာကာပရိသတ်များ၏ ချစ်စနိုးနာမည် ပေးခံထားရသော ကျွန်ပ် တို့၏ capatain ကြီး ကစားသမား ဘ၀အဆုံးသတ်ချိန် အသက် 40 အရွယ်လောက်ထိ ဘာကာနဲ့ အတူ အောင်မြင်မှုများဆက်လက်ရယူ နိုင်ပါစေ..ဒဏ်ရာ ကင်းကင်းရှင်းရှင်းနဲ့ ကစားနိုင်ပါစေ..ဘောလုံးသမားဘ၀ မှ အနားယူချိန်တွင်လဲ အောင်မြင်မှုများကို ဘာကာနဲ့ အတူ ရယူနိုင်ပါစေ ဟု ဆန္ဒပြုရင်း..ကျွန်တော်ရဲ့ ဆောင်းပါးကို ဒီမှာဘဲ အဆုံးသတ်လိုက်ပါရစေ ခင်ဗျာ..။

 ချက်ကီ ဘဲလေး

No comments: