နံမည် အပြည့်အစုံ( Xavier Hernández Creus) လို့ ခေါ်ဝေါ်တဲ့ ရှာဗီကို ၁၉၈၀ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်
နေ့တွင် ဘာစီလိုနာ၏ Terrassa ဆိုတဲ့အရပ်မှာ မွေးဖွားခဲ့ပါတယ်။ လူငယ်အကယ်ဒမီ လာမာစီယာကို ၁၉၉၀ ၊ ဇူလိုင်လမှာ စတင်ရောက်ရှိခဲ့ပြီး ၁၁ နှစ်သား အရွယ်မှစ၍ လက်ရှိချိန်ထိ သူရဲ့ ကစားသမားဘဝ အားလုံးဟာ ကလပ်တစ်ခုတည်းမှာဘဲ အသုံးချ ကုန်ဆုံးစေခဲ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။
၉၇-၉၈ ရာသီမှာ သူဟာ လျှင်မြန်စွာ တိုးတက်လာတဲ့ ခြေစွမ်းနှင့်အညီ၊ လူငယ်အသင်းအဆင့်ဆင့်မှ နေ၍ ဘာဆာဘီ အသင်းသို့ ရောက်ရှိလာခဲ့ပြီး Jordi Gonzalvo ရဲ့ အသင်းမှာ ကွင်းလယ်ဖန်တီးရှင် အနေနဲ့ ကစားခဲ့ကာ၊ အဲ့ဒီရာသီမှာပဲ ဒုတိယတန်း လိဂ် အဆင့်သို့ ဘာဆာဘီအသင်းက တက်လှမ်းနိုင်ခဲ့ပါတယ်။
၁၉၉၈ နွေမှာ ယှဉ်ပြိုင်ခဲ့တဲ့ မာရော့ကာနဲ့ စပိန်စူပါဖလား ပြိုင်ပွဲမှာ ကစားခွင့်ရလိုက်တဲ့ ရှာဗီဟာ "အသင်း ကြီးရဲ့ တရားဝင်ပြိုင်ပွဲတွေမှာ ပါဝင်ကစားနိုင်ဖို့" ဆိုတဲ့ သူရဲ့အိပ်မက်ကို အဲ့ဒီပွဲစဉ်မှာ စတင် အကောင် အထည် ဖေါ်နိုင်ခဲ့ပါတယ်။
ရှာဗီဟာ အသင်းကြီး၏ ပွဲထွက် ၁၁ယောက်စာရင်းမှာ ဦးစာပေး အဆင့် အနေနဲ့ ပါဝင်နိုင်ဖို့ မမျှော်လင့် ထားသော်လည်း အရံကစားသမားအနေနဲ့တော့ သူ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။အမှတ်တရ အနေနဲ့ကတော့ (၁၉၉၈-၉၉) ရာသီ ၊ နည်းပြဗန်ဂေါလ် လက်ထက် အသင်းက လိဂ်ဖလားကို ဆွတ်ခူးခဲ့စဉ် ကာလက ဗဲလာ ဒိုးရစ်၏ Nuevo Zorrilla ကွင်းမှာ အသင်းရဲ့ ကံကြမ္မာကို အလှည့်အပြောင်းဖြစ်စေမဲ့ အဖိုးတန် အရေးပါ လှတဲ့ ဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။
အစပိုင်းမှာ သူဟာ အနာဂါတ် နည်းပြလောင်း ဒဏ်ရာရခဲ့စဉ်က ယာယီအနေနဲ့သာ အစားထိုး ကစားပေးခဲ့ ရပါတယ်။ အဲ့ဒီနောက် ပပ် အီတလီသို့ ထွက်ခွာသွားချိန်မှာတော့ ပင်တိုင်ကစားသမား ဖြစ်ခဲ့ရတဲ့ ရှာဗီဟာ မကြာခင်မှာပဲ ဂွါဒီယိုလာ လက်သစ်လေးလို့ တင်စားခေါ်ဝေါ်ခံရပါတော့တယ်။ အဲ့ဒီ အချိန်ကစပြီး ရှာဗီဟာ နည်းပြ ၆ယောက်(Van Gaal, Rexach, Antic, Rijkaard, Guardiola, Martino) လက်ထက်တိုင်
တောက်လျှောက် အသင်းရဲ့ အဓိကမဏ္ဍိုင် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ထို့ပြင်၊ အချက်အလက်များအရ သူဟာ အသက် ၂၅နှစ် အရွယ်မှာပဲ အသင်းနဲ့အတူ ပွဲထွက် ၃၀၀ ပြည့်မြောက်ခဲ့တယ်လို့ သိရပါတယ်။
ရီကာ့ဒ်လက်ထက်မှာ ရှာဗီဟာ ကွင်းလယ် ဗဟို တစ်နေရာတည်းမှာဘဲ သီးသန့် ကစားနိုင်တာ မဟုတ်ဘူး ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ကွင်းလယ်ခံစစ်ဇုံမှာလည်း ထူးချွန်ပြောင်မြောက်စွာ ကစားနိုင်တဲ့ စွမ်းရည်
တွေကြောင့် မှတ်တမ်းများအရ သူဟာ တစ်ရာသီလုံးအတွင်း ၃၆ပွဲ ကစားပေးခဲ့ရပြီး (၂၀၀၄-၀၅) ရာသီ လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့စဉ်က အသုံးပြုခံရဆုံး ကစားသမားအဖြစ် ပုံရိပ်ထင်ဟပ်ခဲ့ပါတယ်။
၂၀၀၅ ဒီဇင်ဘာ ၂ရက်နေ့ကို ရှာဗီ ဘယ်တော့မှ မေ့မယ်မထင်ပါဘူး။ ဆိုးရွားစွာ ဘယ်ဒူးခေါင်း အရွတ်
ပြသနာ ဖြစ်ခဲ့လို့၊ ကွင်းနဲ့ အဆက်ပြတ်ပြီး လာမာစီယာမှာပဲ လေ့ကျင့်ခန်း ပြုလုပ်ခဲ့ရတဲ့ ကာလများကိုပါ။ အပြင်းအထန် ကြိုးစားမှုကြောင့် သူရဲ့ ဒဏ်ရာဟာ မျှော်မှန်းတာထက် စောပြီး ပျောက်ကင်းခဲ့ပါတယ်။ ၅လ အတွင်းမှာ သူ ပြန်ကစားနိုင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ဧပြီ ၂၉ ရက်နေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ Cadiz နဲ့ ပွဲမှာ ရှာဗီ ဟာ ဘောလုံးကစားသမား တစ်ယောက်ရဲ့ ခံစားမှုကို ပြန်လည် ရရှိခဲ့ပြီလို့ ဟစ်ကြွေးခဲ့ပါတယ်။ သူဟာ လာလီဂါနှင့် ချန်ပီယံလိဂ် ဖလားများကို အသင်းဖေါ်များနှင့်အတူ အောင်ပွဲနိုင်ခံဖို့အတွက် ကွင်းအတွင်း အချိန်မှီ ပြန်လာနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက် အောင်မြင်မှု ဆိတ်သုဉ်းခဲ့ရတဲ့ ရီကာ့ဒ်ရဲ့ နောက်ဆုံး ၂ရာသီမှာလည်း၊ ရှာဗီဟာ ၎င်းဒတ်ခ်ျ နည်းပြရဲ့ အသုံးပြုမှု အများဆုံး ကစားသမားများထဲမှာ တစ်ဦး အပါအဝင် ဖြစ်ခဲ့ရပါတယ်။
နည်းပြထိုင်ခုံကို ဂွါဒီယိုလာ လွဲပြောင်းယူအပြီးမှာတော့ ၊ ရှာဗီဟာ အရင်ကထက်ပို၍ ဂိုးလှိုင်လှိုင် သွင်းနိုင် သူ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ မိမိ အရင်တင်ထားတဲ့ စံချိန်ကို မိမိဘာသာ ၅၄ ပွဲအတွင်းမှာ ၁၀ ဂိုး သွင်းယူကာ ချိုးဖျက်နိုင်ခဲ့သည့်အပြင် ဘာစီလိုနာ၏ ကွင်းလယ်နေရာအတွက် အကောင်းဆုံး တွဲဖက်အ
ဖြစ်နဲ့ အင်နေစ္စတာကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဖလား ၃ခုစလုံး ဆွတ်ခူးနိုင်ခဲ့တဲ့ကာလရဲ့ ခမ်းနားတဲ့ အောင်မြင် မှု ခရီးမှာ ဒီကွင်းလယ်အတွဲက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေခဲ့ပါတယ်။ဖန်များရဲ့ ပျော်ရွှင်မှုဟာ ဒီမှာ တင် မရပ်တန့်နိုင်သေးဘဲ ဘယ်ကလပ်မှ မစွမ်းဆောင်နိုင်သေးတဲ့ တစ်နှစ်အတွင်းမှာ အဓိကဖလား ၆ ခု စလုံးကို အရယူနိုင်ခဲ့ပါတယ်။ ရာသီသိမ်း ရမှတ် အံအားသင့်စရာ ၉၉မှတ်နှင့် (၂၀၀၉-၁၀)ရာသီအတွက် လာလီဂါဖလားကို ရှာဗီ ဦးဆောင်ပြီး ရယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ၂၀၀၉ ခုနှစ်၏ အကောင်းဆုံး ကစားသမားဆု (ရွှေဘောလုံး) စာရင်းမှာလည်း တတိယ နေရာချိတ်ခဲ့ပါတယ်။
(၂၀၁၀-၁၁) ရာသီမှာလည်း ၊ အသင်းရဲ့ အဓိက ကွင်းလယ်လူဟာ ကလပ်နှင့်အတူ ပွဲထွက်ခွင့် အရေ အတွက် စံချိန်များကို ပုံမှန် တည်ဆောက်နေခဲ့ပါတယ်။၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂ရက်နေ့ မှာ ယှဉ်ပြိုင်ခဲ့တဲ့ လီဗန်တေးနှင့် ၂-၁ ဖြင့် အနိုင်ရခဲ့တဲ့ပွဲမှာ ပါဝင်ခွင့်ရခဲ့တဲ့ ရှာဗီဟာ ကလပ်မှာ ၅၄၉ ပွဲနှင့် အများဆုံးကစား သူအဖြစ် စံချိန်တင်ထားတဲ့ Miguel နှင့် စံချိန်တူညီသွားခဲ့ပါတယ်။ ထို့ပြင် ရာသီအပြီးမှာ ပပ်အတွက် လိဂ် ဖလားကိုပါ ဆက်လက် ရယူပေးနိုင်ခဲ့လို့ ကလပ်နဲ့အတူ ၆ကြိမ် လိဂ်ဖလား ရရှိထားတဲ့ အသင်းရဲ့ ဂန္တဝင် ဂိုးသမားကြီး Ramallets နှင့် အကြိမ်အရေအတွက် စံချိန် တူညီသွားခဲ့ပါတယ်။ သူဟာ ၂၀၁၀နှင့် ၂၀၁၁ ရာသီ နှစ်ရာသီဆက်တိုက် ရွှေဘောလုံးဆု စာရင်း၏ ဇကာတင် နောက်ဆုံးအဆင့်တွင် ဆက်လက် အရွေး ခံခဲ့ရပြီး အလားတူ တတိယ နေရာ ချိတ်ခဲ့ပါတယ်။
၂၀၁၂၊ ဇန်နဝါရီလ ၁၅ရက်နေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဘက်တစ်နဲ့ အိမ်ကွင်းအိမ်ကွင်းပွဲစဉ်မှာတော့ ရှာဗီဟာ အသင်းနှင့်အတူ လာလီဂါ ပွဲပေါင်း ၄၀၀ ပြည့်မြောက်ခဲ့သလို တစ်ရာသီအတွင်း ၁၀ဂိုးမြောက်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့လို့ (၂၀၀၈-၀၉) ရာသီနှင့် အလားတူ ဖြစ်ခဲ့ရပါတယ်။ "ဘောလုံးဦးနှောက် အပိုပါရှိတဲ့လူ" လို့ တင်စားခေါ်ဝေါ်ထိုက်တဲ့ ရှာဗီဟာ အသင်း၏ နောက်တိုး ဂုဏ်ထူးဆောင် ဖလားအသစ်များဖြစ်ကြတဲ့ စပိန်စူပါဖလား၊ ဥရောပ စူပါဖလား၊ ကမ္ဘာ့တိုက်ကြီးများ ကလပ်ချန်ပီယံဖလား၊ စပိန်ဘုရင့်ဖလား စသည့် ဆုဖလား ၁၄လုံးခန့်ကို ပိုင်ဆိုင်ရယူနိုင်ခဲ့တဲ့ အောင်မြင်မှု သမိုင်းမှာ ရှာဗီ၏ ဘောလုံးပညာ ကြွယ်ဝမှု ကလည်း တစ်စိတ်တပိုင်းအနေနဲ့ ပါဝင်ခဲ့တယ်ဆိုတာက အထင်အရှားပါ။ထို့ပြင် ဂျပန်မှာ ယှဉ်ပြိုင်ခဲ့တဲ့
တောင်အမေရိကတိုက် လိဂ်များ၏ ချန်ပီယံ ဆန်းတို့စ်ကို ဥရောပလိဂ်များ၏ ချန်ပီယံ ဘာစီလိုနာက ဗိုလ်လု ပွဲတွင် ၂-၀ ရလဒ်နှင့် အနိုင်ယူပြခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ်နဲ့ ၂ကြိမ်တိုင် အခိုင်အမာ ရပ်တည်
ပြနိုင်ခဲ့ပါတယ်။
ပုံမှန်အားဖြင့် ရှာဗီ ဟာနန်ဒက်စ်ဟာ နိုင်ငံအသင်းမှာလည်း မရှိမဖြစ် ကြယ်ပွင့်တစ်ပွင့် ဖြစ်ခဲ့ရတယ်ဆိုတာ ပြီးခဲ့တဲ့နှစ်တွေမှာ ယှဉ်ပြိုင်ခဲ့တဲ့ WC ပွဲစဉ်များ(၂၀၀၂ ၊ ၂၀၀၆ ၊ ၂၀၁၀) နှင့် ဥရောပတိုက်ဖလားပွဲစဉ်များ (၂၀၀၄၊ ၂၀၀၈၊ ၂၀၁၂) မှာ စပိန်အသင်း၏ အောင်မြင်မှုများကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ စပိန်အသင်း ဆုဖလားရရှိခဲ့တဲ့ 2008 Euros အပြီးမှာ ရှာဗီဟာ ဥရောပ၏ အကောင်းဆုံး ကစားသမား အဖြစ်ပါ ရွေးချယ်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
၂၀၁၀ ကမ္ဘာ့ဖလား၏ ရွှေတံဆိပ်ဆုလည်း နောက်ဆုံးမှာ ပိုင်ဆိုင်ခွင့် ရရှိခဲ့လို့ အရာအားလုံး ပြည့်စုံစေခဲ့ပြီး အခမ်းနားဆုံး ကွင်းလယ်ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။ မော်ဒန်ဘောလုံးလောက၏ အကောင်း ဆုံး ကွင်းလယ်ဖန်တီးရှင်အဖြစ် ထင်ရှားတဲ့ ရှာဗီဟာ သူရဲ့ အရည်အချင်းများအတွက် ခုလိုအားကစားပြိုင် ပွဲမျိုးမှာ ဆုဖလားတွေနဲ့သာ အသိအမှတ် ပြုထိုက်သူ တစ်ယောက်ဖြစ်ပါတယ်။
အသင်းနှင့်အတူ အောင်မြင်ခဲ့မှု
နိုင်ငံအသင်းနှင့် အောင်မြင်ခဲ့မှု
တစ်ကိုယ်ရည် သီးခြားရခဲ့တဲ့ ဆုများ
No comments:
Post a Comment